အဝလွန်ခြင်းနဲ့ ဆီးချို ဘယ်လိုဆက်စပ်သလဲ
ဝလို့ဆီးချိုဖြစ်တာလား၊ ဆီးချိုဖြစ်လို့ဝတာလား?
ဘာကြောင့်ပဲဖြစ်ဖြစ် ကျမမှာ/ကျနော့်မှာ ဆီးချိုရှိတယ်ဆိုတဲ့သူ တော်တော်များများကတော့ ဝဝဖြိုးဖြိုးရှိကြတာ အမှန်ပါပဲနော်။ ဆီးချိုရောဂါကိုဆေးပညာမှာ Diabetes လို့ခေါ်ပြီး အဝလွန်တာကိုတော့ Obesity လို့ခေါ်ပါတယ်။ အခုအခါမှာ ဆီးချိုနဲ့အဝလွန်ခြင်း တွဲပြီးဖြစ်နေတဲ့သူတွေ များလွန်းလို့ Diabesity ဆိုတဲ့ စကားလေးခေတ်စားလာပါတယ်။ အဝလွန်နေတဲ့ ဆီးချိုရောဂါရှင်ပေါ့။
အဝလွန်တဲ့သူဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေ ခြောက်ဆပိုများပါတယ်။ အဝလွန်တာဟာ ရှိနေပြီးသား ဆီးချိုရောဂါကိုလည်း ပိုဆိုးစေပါတယ်။
သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေကို ထိန်းညှိပေးတဲ့အလုပ်ကို အစာအိမ်ရဲ့အနောက်ဘက်မှာရှိတဲ့ မုန့်ချိုအိတ်က လုပ်ဆောင်ပေးပါတယ်။ မုန့်ချိုအိတ်ကနေ အင်ဆူလင်ဟော်မုန်းကို ထုတ်ပေးပြီး အင်ဆူလင်က သွေးထဲက သကြားတွေကို စွမ်းအင်အဖြစ်သုံးဖို့ ခန္ဓာကိုယ်ကြွက်သားတွေကို ပို့ပေးတာနဲ့ အလိုရှိတဲ့အခါ သုံးရန်သိမ်းထားဖို့ အသည်းထဲကို ပို့ပေးတာကို လုပ်ဆောင်ပေးပါတယ်။
အဝလွန်တဲ့သူရဲ့ အသည်းထဲက သကြားဓာတ်သိုလှောင်တဲ့ နေရာမှာ အဆီတွေနဲ့ပြည့်နေလို့ သကြားဓာတ်အတွက် နေရာမရှိတော့ပါဘူး။ အသည်းဆဲလ်တွေက သကြားဓာတ်ကို လက်မခံနိုင်တဲ့အခါ သွေးထဲမှာ သကြားဓာတ်တွေ စုပုံလာပါတယ်။ အဲဒီစုပုံနေပြီး အသည်းထဲကအဆီတွေက လက်ခံဖို့ငြင်းဆန်နေတဲ့ သကြားဓာတ်တွေကို သွေးထဲက ဖယ်ရှားဖို့ မုန့်ချိုအိတ်ကနေ အင်ဆူလင်တွေ ပိုမိုထုတ်ပေးရပါတော့တယ်။ အချိန်ကြာလာတဲ့အခါ မုန့်ချိုအိတ်က အလုပ်လုပ်ရလွန်းလို့ အင်ဆူလင်ကို လုံလောက်အောင် ထုတ်မပေးနိုင်တော့တဲ့ အခြေအနေဖြစ်လာတဲ့အခါ ဆီးချိုရောဂါ ဖြစ်လာရပါတယ်။
အဝလွန်ပေမယ့် တချို့က အင်ဆူလင်လုံလောက်စွာ ထုတ်ပေးနိုင်လို့ ဆီးချိုမဖြစ်ပေမယ့် တချို့ရဲ့ မုန့်ချိုအိတ်ကတော့ အင်ဆူလင်လုံလောက်အောင် မထုတ်ပေးနိုင်တော့လို့ ဆီးချိုဖြစ်တာပါ။
အဝလွန်တဲ့သူတိုင်း ဆီးချိုဖြစ်သလား ဆိုရင်တော့ မဟုတ်ပါဘူး။ အဝလွန်တဲ့အပြင်
• ဆီးချိုရောဂါမျိုးရိုးရှိတဲ့သူ
• အချိုတွေ၊ အဆီတွေ အစားများတဲ့သူ
• ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မလုပ်ဘဲ အထိုင်များတဲ့သူ
• စိတ်ဖိစီးမှုများတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။
အဝလွန်တဲ့ဆီးချိုရောဂါသည်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက် ဆေးတစ်မျိုးဖြစ်စေ၊ တစ်မျိုးထက်ပို၍ဖြစ်စေ သုံးစွဲနေရတတ်ပါတယ်။ ဆေးတွေသုံးစွဲနေပေမယ့် နေထိုင်စားသောက်မှုပုံစံ မပြောင်းဘူးဆိုရင် ဆေးတွေသာ တစ်မျိုးပြီးတစ်မျိုး ပိုပိုတိုးလာမယ်၊ ဆီးချိုကိုထိန်းနိုင်ဖို့တော့ လွယ်မှာမဟုတ်ပါဘူး။
ကိုယ်အလေးချိန်ချတာက အလုပ်ဖြစ်မှာလား?
သေချာပေါက် ဖြစ်ပါတယ်။ အဝလွန်တဲ့ဆီးချိုရောဂါရှင်တွေအတွက် အရေးအကြီးဆုံးက ဝိတ်ချဖို့နဲ့ ကစီဓာတ်တွေ လျှော့စားဖို့ပါပဲ။ ကိုယ်အလေးချိန်ရဲ့ ၅% ကနေ ၁၀% ပဲချရင်တောင် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ပါတယ်။
ကိုယ်အလေးချိန် ရုတ်တရက် အများကြီးကျသွားအောင် ချတာ၊ အစားရှောင်လွန်းတာတွေက နှလုံး၊ ကျောက်ကပ်နဲ့ အာရုံကြောစနစ်တွေကို ထိခိုက်နိုင်တာမို့ တတ်ကျွမ်းသူနဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်တာ၊ အစားလျှော့စားတာထက် အဆီအစိမ့်တွေ၊ အချိုတွေ၊ ကာဗိုဟိုက်ဒရိတ်တွေ နေရာမှာ အသီးအရွက်၊ အစေ့အဆန်နဲ့ အသားတွေ အစားထိုးစားတာမျိုးလုပ်ပြီး ဖြည်းဖြည်းနဲ့မှန်မှန် ဝိတ်ချတာက ပိုသင့်တော်ပါတယ်။
ဒီးတော့ အဝလွန်တဲ့သူလေးတွေက စိတ်ညစ်မနေဘဲ ဆီးချိုမဖြစ်ရအောင်၊ ဆီးချိုရှိပြီးသားဆိုရင်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်အောင် အခုကစ ဝိတ်ချဖို့ ကြိုးစားလိုက်တော့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်